Monday, September 12, 2011

မောင်းနှင်အား


               
            ဌာန(နေရာ)နှင့်ကာလ(အချိန်)တို့၏ ဆက်နွယ်မှုသည် အရှိန်(မောင်နှင်အား)ပေါ်တွင်မူတည်၍ပြောင်းလဲခြင်းဖြစ်
နိုင်ကြောင်း ကမ္ဘာကျော်သိပံပညာရှင်ကြီးအိုင်စတိုင်းကရှင်းလင်းစွာတွက်ချက်ပြသခဲ့ပြီးဖြစ်သည်။တနာရီလျှင်(၁၀)မိုင်နှုန်း
မောင်းနှင်ခြင်းဖြင့် မိုင်တရာ(၁၀၀) ခရီးကို (၁၀)နာရီကြာအောင်မောင်းနှင်ရသော်လည်း တနာရီမိုင်(၅၀)နှုန်းဖြင့်မောင်နှင်
လိုက်ပါက (၂)နာရီမျှသာအချိန်ကြာပေလိမ့်မည်။ယနေ့ကမ္ဘာတွင် အလင်း၏အလျှင်ထက် လေးဆမြန်သော လေယဉ်ပျံ
ကြီးကိုလည်း မကြာခင်ကာလမှာတွေ့မြင်ရတော့မှာဖြစ်ပေသည်။
            ကျနော်တို့နေထိုင်ကြသည့်ကမ္ဘာကြီးသည်လည်း ဤလျှင်မြန်လှစွာသောမောင်နှင်အားကြောင့် တနေ့ထက်တနေ့
ပို၍ပို၍သေးငယ်ကျဉ်းမြောင်းလာနေပြီဖြစ်သလို အင်တာနက်ကွန်ယက်ကြီး၏လွှမ်းခြုံစိုးမိုးခြင်းကိုခံနေရသောဤကမ္ဘာကြီး
သည် ကုန်စုံဆိုင်ရှေ့က ချိတ်ဆွဲထားသည့် ပိုက်ကွန်ထဲမှဘောလုံးလေးတလုံးပမာဖြစ်နေရပြီမဟုတ်ပါလား။

            သို့သော် တချိန်တည်းမှာပင်လျှင် တနေ့ထက်တနေ့ ထွေပြား၍လာနေသောပြဿနာများ။ကြီးမားစွာပေးဆပ်နေ
ရသော အသက်နှင့်ကိုယ်ခန္ဓာများ။မရပ်မနားတိုက်ပွဲခေါ်သံများနှင့် ရှေလျှားသည့်အိမ်မက်ဆိုးကြီးများက အမိမြန်မာကြီး
အား ပို၍ပို၍ တိုး၍တိုး၍ ကြီးမား၍ဲကြီးမား၍ အကြီးတန်အရုပ်ဆိုးနေခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
ရှုပ်ထွေးပွေလီလှသည့် မြန်မာ့သမိုင်းကြောင်းအား ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြရာဝယ် ကျနော်မြင်သောထောင့်
ကျဉ်းကျဉ်းလေးတခုအတွင်းမှ မောင်းနှင်အား ကိုဆွဲထုတ်လိုက်ရပေ၏။ဘယ်သူ့ဘယ်သူကိုမှလည်းအပြစ်တင်ရန်ရည်ရွယ်
ထားခြင်းမဟုတ်ပါ။တော်လှန်ရေးခြင်းအတူတူဘယ်သူကပိုမြတ်သနည်းဆိုသည့် ပဟေဠိကိုလည်းအဖြေမရှာခြင်းမဟုတ်။
ငါက 88`/ငါက NLD`/ငါက UG`/ငါသည်ထောင်ထွက်`/ငါလဲ ရွှေဝါရောင် ဟူ၍ ခွဲခြားခြင်းကိုလည်းအားမပေးချင်ပါ။
ကျနော်ပေးချင်သည့်သတင်းစကားတွေကတော့ ကျနော်တို့၏လှုပ်ရှားမှုအက်ရှင်(Method of action)တိုင်းတွင်
 တော်လှန်ရေးအားသိက္ခာမဲ့စေသော၊ လူ့အခွင့်အရေးအား အကြီးတန်စေသော၊ဒီမိုကရေစီအားသရုပ်ပျက်စေသော၊အပြု
အမူအကျင့်အားလုံးတို့သည် တော်လှန်ရေး၏မောင်နှင်အား ကိုယုတ်လျှော့စေပါသည်ဟုသာဆိုလိုခြင်းဖြစ်ပါ၏။
            ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် သူ၏နှစ်လုံးသားဖြင့် ဗြိတိသျှအင်ပါယာကြီးအား အောင်နို
င်ခဲ့ဘူးသည်မှာအထင်အရှားပင်။သူ့တွင် ကိုယ်ပိုင်ရုံးခန်းမရှိ။လက်နှိပ်စက်မရှိ။ပါတီလည်းမထောင်။သူ၏ဖြူစင်သောနှစ်လုံး
သား အရှိန်အဟုန်ဖြင့်သာ သူ၏ပြည်သူတရပ်လုံးအား မောင်းနှင်ခဲ့ခြင်းဖြစ်ပေသည်။
တောင်အာဖရိကမှလူမဲတက္ကသိုလ်ကျောင်းသားကျောင်းသူကလေးများ၏နှစ်လုံးရည်တိုက်ပွဲသည်လည်းလူဖြူလူမဲခွဲခြားမှုစနစ်ကြီးအားအဆုံးသတ်ပေးခဲ့ဘူးပါသည်။မြင့်မြတ်သူတို့၏အောင်ပွဲတိုင်းတွင် အပြန်အလှန်ယုံကြည်လေးစားခြင်း
ဖြင့် မောင်းနှင်အားကိုအရှိန်အဟုန်ု မြှင့်တင်နိုင်ခဲ့ကြပါသည်။
            သို့သော် ပြည်ပရောက်ကျနော်တို့အဖို့ အခြေအနေတွေအ၇ ဘေးထွက်ထိုင်နေကြရသော်လည်း တော်လှန်ရေး
၏ဂုဏ်သိက္ခာကိုတော့ မထိခိုက်စေသင့်ပေ။မိမိတို့၏ ဦးခေါင်းထက်ဝယ် တင့်တယ်စွာ ဆောက်တည်ကြရမည်ဖြစ်ပေသည်။
ကေသရာဇာခြင်္သေ့သည် ငတ်မွတ်သော်လည်း မြက်ကိုမစား။ခြေက်သွေ့နေသောစန္ဒကူးသည်လည်းသူ၏ရနံ့ကိုဖက်တွယ်
ထား၏။စွန့်လွှတ်အနစ်နာခံသူအပါင်းတို့သည် ကိုယ်ကျိုးလာဒ်လာဘအရာ၌ အောင့်အီး၍နေရပေသည်။ရသင့်သည်ထက်ပို
၍လိုချင်သောစိတ်ကောက်တတ်သူတို့အားလည်းဖြောင့်စေခဲ့၏။မှီခိုသူအားလုံးတို့ကိုလည်း မျှတအောင်ခွဲဝေခြင်းဖြင့်ခေါင်း
ဆောင်မှုကို၇ယူခဲ့ကြလေသည်။
            ကျနော်တို့သည် တော်လှန်ရေးအတွက် အသက်မပေးနိုင်လျှင်တောင်မှ တော်လှန်ရေး၏အသက်သွေးကြောအား
မထိခိုက်စေအောင် ရှောင်ကျဉ်ရမည့်တာဝန်ကြီးကားရှိနေပါသေး၏။ယုံကြည်ချက်သည်တော်လှန်ရေး၏အသက်။လူတဦး
ကိုဖြစ်စေ၊လူတစုကိုဖြစ်စေ၊လူထုတရပ်လုံးကိုဖြစ်စေ ယုံကြည်ချက်အားထိခိုက်စေခြင်းသည် မောင်းနှင်အားကို ယုတ်လျှော့
ပျက်ပြားစေဖြင်းပင်ဖြစ်ပေသည်။
            ယနေ့မြန်မာပြည်၏အခြေအနေသည်တင်းမာလျှက်ရှိနေကြောင်း မိတ်ဆွေအပေါင်းတို့သိပြီးဖြစ်သည်။အရေးကြုံ
လာပြီမို့ လူ့အခွင့်အရေး၊ဒီမိုကရေစီနှင့်တော်လှန်ရေးတို့၏ဂုဏ်သိက္ခာနှင့်အညီ အချင်းချင်း အပြန်အလှန်လေးစားခြင်းဖြင့်
တော်လှန်ရေးကို ကူညီသင့်ပါ၏။တဦးကိုတဦးက မနာလိုငြူစူခြင်းကင်းလျှက် မာတောင့်တောင့်ဆက်ဆံရေးတွေကို အများ ဆန္ဒနှင့်အညီ ပြုလွယ်ပြင်လွယ်ရှိမှု(flexibility)သို့ အသွင်ကူးပြောင်းသင့်ပါ၏။လူတဦးခြင်းစီနှင့်အုပ်စုတခုခြင်းစီတို့၏
ခံစားချက်အပေါ်စာနာနားလည်ခံစားနိုင်မှုစွမ်းရည်(Sensitivity to the feeling of individual and the group) ကိုလည်း
မွေးမြူရပေမည်။ကိုယ်နှင့်အယူအဆမတူညီသူတို့၏စကားကိုလည်းသီးခံနားထောင်နိုင်မှုစွမ်းရည်(Ability to listen) သည်
လည်းလိုအပ်လှပါ၏။(Commitment to collaboration)အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအပေါ်ကတိသစ္စာရှိခြင်း မှ
သည် ယုံကြည်ချက်ကိုတည်ဆောက်လျှက် တော်လှန်ရေး၏အလျှင်နှုန်းကို ဖြည့်စွမ်းပေးနိုင်ကြပါစေသတည်း။
            ၁၉၈၈ ခု မတ်လအတွင်းကျောင်းသားကိုဖုန်းမော်အရေးအခင်းမှ စတင်ခဲ့သည့် (၈၈)လူထုအရေးတော်ပုံကြီးသည်
(၂၃)နှစ်ကြာခဲ့ပါပြီ။ဤ မေ့ပျောက်၍မရနိုင်သည့်အရေးတော်ပုံကြီးကို ဂုဏ်ပြုကျင်းပလျှက်ရှိသောထိုင်းနိုင်ငံနို့ဖိုးဒုက္ခသည်စ
ခန်းအတွင်းမှ (၂၃)နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံအခန်းအနားကြီးအား ဤ ဆောင်းပါးဖြင့်  ကျနော်အလေးပြုပါ၏။

                                                                                                                                                                                                                                                ဘလင်း (ဓမ္မမဏ္ဍိုင်) ၃၀။၇။၂၀၁၁။
           

No comments: