Monday, September 22, 2008

ဆရာနဲ့ဒကါ ပြီးတော့စက်တင်ဘာ

ဆရာနှင့် ဒကာ ပြီးတော့ စက်တင်ဘာ
ဦးလင်း စက်တင် ၁၇၊ ၂၀၀၈

“၀၉ … ၄၉၁၀ … ဟဲလို … မင်္ဂလာပါ”
ရွှေမန္တလေးမှ ဒကာတော်က နှုတ်ဆက်လိုက်သောအခါ …
“ဟာ … ဟေ့လူ ကျနော် နေမကောင်းဖြစ်နေတယ်” ရန်ကုန်က အရှင်ဂမ္ဘီရမှ ပြန်လည်မိန့်ကြားတဲ့ အသံပါ။ ဆိုလိုတာက တော့ အင်ဖေါ်မာတွေက နောက်မှ လိုက်နေတဲ့ သတင်းစကားပေးတာ ဖြစ်ပါတယ်။ ဒကာက နားလည်လိုက်ပါ၏။



အချိန်မှာ ၂၀၀၇ မတ်လ။ ရန်ကုန်နိုင်ငံရေး အင်အားစုများ အဆက်မပြတ်လှုပ်ရှားတက်ကြွနေကြချိန်၊ လက်ရှိ အခြေအနေ အား ဆက်လက်ရှင်သန်ရေးနှင့် ပိုမိုတိုးတက်ရေးအတွက် ၀ိုင်းဝန်း အားဖြည့်ပေးနိုင်ရန် အထက် ဗမာပြည် မန္တလေးသို့ ကြွရောက်စေလိုပါကြောင်း ဒကာကြီးက ဖိတ်ကြားလိုက်ခြင်း ဖြစ်ပါသည်။

“အိုကေ … ကျနော် တက်လာခဲ့မယ်”

စက်တင်ဘာလဆန်း ၄ ရက်နေ့မှာ အရှင်ဂမ္ဘီရ မန္တလေးမြို့ကို ကြွရောက်လာပြီ။ ဒကာတော် အခန်းမှာပဲ အတူတူ သတင်း သုံးပါတယ်။ ခါတိုင်းလို ၃၀၀ ကျပ်တန် ထမင်းတထုပ်ဝယ် ကြွေပန်းကန်ပြားမှာ ထည့်ပြီး နေ့ဆွမ်းကပ်လိုက်ရ၏၊

ဒကာ၏ စိတ်ထဲမှာတော့ မကောင်း။ အရှင်ဂမ္ဘီရသည် ဖွယ်ဖွယ်ရာရာ ဆွမ်းဟင်း ချိုချဉ်ခဲဖွယ်တွေ အပြည့် အစုံနှင့် ဘုန်းပေး သုံးဆောင်ရသည့် နေ့ကား ရှားပါးလှ၏။ ခါးဝတ်သင်္ကန်း တစုံတည်းနှင့် အထက်ဗမာပြည် တခွင်ကို စည်းရုံးရေးခရီးနှင်လေ့ ရှိပါသည်။ သက်တော်က ၂၉ နှစ်ပါ။ အရပ်အမောင်းကောင်းသည်။ အသား အရေက ခပ်လတ်လတ်။ အသံသြဇာက သာယာ နာပျော်ဖွယ်။ ဇွဲလုံ့လမှာ တနေကုန် လမ်းလျှောက် ဒေသစာရီ ကြွချီတော်မူလေ့ရှိသည်။

ရွှေဝါရောင် လွယ်အိတ်ကြီး တလုံးတော့ပါပါ၏။ အသေအချာ စာအိတ်နှင့် ထည့်ပိတ်ထားသော လှုံ့ဆော်စာများ လွယ်အိတ် နှင့်အပြည့်။ လမ်းတွင်တွေ့သမျှ သံဃာတော်များကို ဝေငှကပ်လှူလိုက်တော့တာပါပဲ။ တော်လှန်ရေး အတွက်ဆိုလျှင် ခက်ခဲ တယ်ဆိုသည် သူ့မှာမရှိ။ မည်သည့်အခါတွင်မျှ မညည်းညူ။

သူ့အယူအဆက လူ့အခွင့်အရေး၊ သူ့အတွေးက ဒီမိုကရေစီ၊ သူ့အမြင်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သူ့ဆန္ဒက လွတ်မြောက်ရေးပဲ။ သူပြောသမျှစကားလုံးတိုင်းသည် တော်လှန်ရေး။ အကြောက်တရားဆိုသည် သူ့အတွက်မဟုတ်။ သူ့ယုံကြည်ချက်အတွက် ကြိုးစင်ပေါ်တက်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။

ဆရာနှင့် ဒကာစတွေ့ခဲ့ကြသည့်အချိန်က၂၀၀၆ ခုနှစ်မှာပါ။ လွတ်လပ်ပြီး လုံခြုံသည့် နေရာတခုတွင်ဖြစ် သည်။ မြန်မာ့အရေး ဆွေးနွေးပွဲလေးတခု လုပ်ဖြစ်ခဲ့ကြပါသည်။ ဆရာတော်က ခုတော့ အကျဉ်းထောင်ထဲ ရောက်နေပါပြီ။ ဒကာတယောက် တည်း လွတ်မြောက်နေဆဲပါ။ ရလာဒ်က ထိရောက်အောင်မြင်ခဲ့သည့် ဆွေးနွေးပွဲဟု ပြောရမည်ဖြစ်ပါသည်။

လက်တွေ့လှုပ်ရှားရမည့် ဆုံးဖြတ်ချက်တခု ချမှတ်နိုင်ခဲ့ပါသည်။ ပစ်မှတ်က အထက်ဗမာပြည် မန္တလေးမြို့။ ရည်ရွယ်ချက်က လျှို့ဝှက်အစုအဖွဲ့လေးများ တည်ဆောက်ရေးတာဝန်ကို ဆရာနှင့်ဒကာ သဘောတူ လက်ခံ လိုက်ကြပါသည်။ ဘာကြောင့် ဆိုပါလျင် ရန်ကုန်မြို့မှာက မျိုးချစ်နိုင်ငံရေး အဖွဲ့အစည်းများ အရောင် အသွေး စုံရှိသည်။ အားမာန်တွေကလည်းပြည့်၊ ရဲရဲတောက်လှုပ်ရှားမှုတွေကလည်း ရင်သပ်ရှုမောစရာ။ သတ္တိ ဗျတ္တိ တွေကလည်း ကမ္ဘာကြီးက ဘွဲ့တံဆိပ်တော်တွေ ပေးရသည့်အဆင့်။ ရွှေမန္တလာမှာက ဒေါ်ဝင်းမြမြတို့တဖွဲ့ တည်း ရုန်းကန်လှုပ်ရှားနေရသည်။ သံဃာထုအတွင်းမှာလည်း ဦးဆောင်ဆရာတော်များ လိုအပ်နေသည်ဟု ခံစားမိသည်။

ဆရာနှင့် ဒကာ ကြိုးစားလိုက်ကြပါသည်။ အချိန်ကား သိပ်မကြာလှ။ ၆ လအတွင်း အောင်မြင်မှုတွေက မယုံနိုင်စရာပါ။ ဒကာတော်က ကြည်ပြာရောင်မွဲမွဲ တရုတ်လုပ် စက်ဘီးလေးစီးလို့ပေါ့။ တကျောင်းဝင် တကျောင်းထွက်ပြီး တဦးနှင့်တဦး ယုံကြည်မှုတွေရရန် တည်ဆောက်ရသည်။ လေကန်ဝေဖန်နေရုံနှင့် မလုံလောက်ပါ။

အခွင့်ကြုံတုန်း ပြောပြရဦးမည်။ စည်းရုံးစုဖွဲ့ရာတွင် စည်းနှောင်အားများ ကောင်းလာစေရန် မောင်းနှင်အား Bonding Force လိုအပ်ပါသည်။ ထိုမောင်းနှင်အားအတွက် ကျဆုံးမှုနည်းနည်းနှင့်ဆောင်ရွက်မှု (Low Risk Action) ကို အသုံးပြု မောင်းနှင် ခဲ့ပါသည်။ ပိုစတာ ကမ်ပိန်းတွေ၊ လက်ကမ်းစာစောင်တွေ အပါအ၀င် လူ့အခွင့်အရေး စာအုပ်တွေ ဗွီဒီယိုအခွေတွေ အပြန် အလှန် ဝေငှဖြန့်ဖြူးကြပါသည်။

ရလာဒ်က အံ့သြယူရသည့် တဦးနှင့်တဦး ယုံကြည်မှုများ ခိုင်မာလာသည်ကို တွေ့ခဲ့ရသည်။ တလတကြိမ် ပုံမှန် ကြာသပတေးနေ့ လျှို့ဝှက် ဆွေးနွေးပွဲလေးတွေက တဦးကိုတဦး နွေးထွေးမှုတွေ ပေးနိုင်ခဲ့သည်။ ယင်းသည် အန္တရာယ် အနည်းဆုံးဖြစ်သည် “စည်းရုံးရင်းတိုက် တိုက်ရင်းစည်းလုံးမှုရရှိသည့်”ဒကာအကြိုက် Political Defiance နည်းနာတွေပါ။ လူတိုင်းပါဝင်နိုင်သည်။ သိပ်မခက်ခဲလှပါ။ သို့သော် နည်းပညာများက လူထုကြားထဲတွင် ကျယ်ပြန့်မှု အားနည်းနေခြင်းက ခက်လှသည်။

ဆရာတော် နေ့ဆွမ်းစားပြီးသည်နှင့် မြို့တပတ်လိုင်းကားတွေစီးပြီး လက်ကမ်းလှုံ့ဆော်စာတွေ ဝေငှကြသည်။ တကျောင်း ၀င် တကျောင်းထွက် နှုတ်ဆက်ကြသည်။ ထို့နောက် အင်တာနက်ဆိုင်တွင် တနေ့တာ အချိန်ဖြုန်းလိုက်ကြသည်။

စက်တင်ဘာ ၅ ရက်နေ့ညရေဒီယိုသတင်းက ဆံပင်မွေးတွေ ထောင်ထလာသလို ဒကာမှာခံစားလိုက်ရသည်။ ငြိမ်းချမ်းစွာ မေတ္တာပို့ကြသည့် ပခုက္ကူသံဃာတော်များကို အကြမ်းဖက်ရက်စက်သည့် သတင်းပင်။ ဆက်ခါဆက်ခါ နာထောင်ရင်း မျက်စိထဲတွင် မြင်ယောင်လာသည်။ တခါက ဒကာနေခဲ့ဖူးသည့်မြို့ဖြစ်သည်။ အိပ်၍ မပျော်နိုင်သော ညများ၏ အစလည်း ဖြစ်ပါသည်။

နောက်နေ့မနက် ၉ နာရီခန့်တွင် အရှင်ရာဇနှင့်ညှိနှိုင်းရန် ဆရာဒကာလမ်းလျှောက်ထွက်လာကြသည်။အဆင် သင့်ပင် ဆရာတော် အရှင်ခေမိန္ဒပါ ရောက်ရှိနေပါပြီ။ အခြေအနေတွေဆွေးနွေးညှိနှိုင်းပြီးနောက် Statement တခုထုတ်ပြန်ရန် သဘောတူလိုက်ကြပါသည်။ အမျိုးဘာသာ သာသနာကို ရိုင်းပြစွာစော်ကားခဲ့သည့် နအဖ အဖွဲ့အား သံဃာထုတရပ်လုံးက ပူးပေါင်းပါဝင် ကန့်ကွက်ကြပါရန် နှိုးဆော်တိုက်တွန်း ထားခြင်းဖြစ်သည်။ အထက်ဗမာပြည် သံဃာ့သမဂ္ဂနှင့် ရဟန်းပျိုအဖွဲ့ (ရန်ကုန်)တို့ ပူးတွဲပြီးထုတ်ဝေခဲ့ပြီး Printer က မကောင်း သည့်အတွက် စိတ်ကြိုက်မထုတ်ဝေနိုင်ခဲ့ပါ။ ဓာတ်ပုံရိုက်ပြီး အင်တာနက်ကဖေးပြေးကြ ရပြန်ပါသည်။

နံနက် ၁၁ နာရီကျော်နေပြီဖြစ်၍ အိမ်တော်ရာ အရှေ့ဘက်တန်းက ထမင်းဆိုင်လေးတွင် ဆရာတော် ၀င်ရောက် ဘုန်းပေး သည်။ ထို့နောက် ၂၅ လမ်းက NET ဆိုင်မှာဝင်ပြီး လှုပ်ရှားလိုက်ကြပါသည်။ ညနေ ၃ နာရီ ထိုးသွားပြီ၍ ခပ်သွက်သွက် ဆိုင်ကထွက်ခဲ့ပြီး ဆိုက္ကားတစီး ခေါ်လိုက်ရသည်။ မီဒီယာများ အင်တာဗျူး ရန် ချိန်းဆိုထားသည့်အချိန်က နီးကပ်နေ သည့်အတွက်ဖြစ်သည်။ဒကာသုံးနေကြ ဖုန်းဆိုင်တဆိုင်ကို သွားကြသည်။ ၂၅ လမ်းက ချိုင့်ခွက်များက ခရီးဖင့်နှေးစေရန် နှောင့်ယှက်နေကြသယောင်ပင်။

ဆရာတော်က ထိုဖြစ်ရပ်ကို ထိထိမိမိ အသုံးချလိုက်ပြန်ပါ၏။ “တိုင်းပြည်ကို ချောက်ထဲ ဆွဲချနေတာဟာ နအဖပါ” ဆိုသည့် တရားတော်ကို ဆိုက္ကားဆရာအား ဟောကြားတော်မူရင်း လမ်းပေါ်က ချိုင့်ခွက်တွေကို လက်ညှိုးနှင့် ထိုးထိုးပြနေပါလေ ရော။ ကောင်းလေစွ။ ဒကာက (သာဓု) ၂ နှစ်ခွန်းတော့ ခေါ်လိုက်ရသည်။ ဆရာနှင့် ဒကာပေကိုး။

စက်တင်ဘာ ၉ ရက် နံနက် အရုဏ်ဆွမ်းအတွက် လ္ဘက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ဆရာတော်က ထမင်းဆီ ဆမ်းနှင့် အကြော် ၄ ခု။ ဒကာက ကျဆိမ့်တခွက်နှင့် အီကြာကွေး၊ ပြီးတာနှင့် ဆိုင်ကထွက်လာပါတယ်။ ပြဿနာက စတက်လာပါ လေရော။ တိုက်အုပ်ဆရာတော်၏ လက်ထောက်က ပျာပျာသလဲနှင့်၊ စိုးရိမ်မှုတွေ ကိုလည်း မြင်နေရပါသည်။

“ဒကာကြီး ဒကာကြီးရဲ့ သတင်းတွေက အရပ်ထဲမှာ သိပ်ကြီးနေပြီ။ ဒီနေရာက ခေတ္တရှောင်နေပေးစေချင်တယ် ဒကာကြီး” ဟုပြောသည်။ ဒကာက ခပ်မြန်မြန် ခေါင်းသုံးလေးချက် ဆက်တိုက်ညိတ်လိုက်ပါ၏။ သိပ်တော့မထူး ခြား။ မျှော်လင့်ထား ပြီးသားထဲက တခုပါ။ မနေ့က မထေရ်ကြီးကျောင်းကို စစ်ဗိုလ် ၄ ယောက် ကား ၂ စီးနှင့် ရောက်လာပြီး ဖုန်းနံပါတ် ၄ ခု ပေးထားခဲ့သည်ကို ဒကာက သိပြီးဖြစ်၏။ မထေရ်ကြီးနှင့် ငယ်သူငယ်ချင်း တွေပါ။ ဒကာကြီးကလဲ မထေရ်ကြီး လက်စွဲ တော်ပဲလေ။

ဖြစ်စဉ်တွေကို ဒကာ၏ ကျောင်းထိုင်ဆရာတော်အား ပန်ကြားလိုက်ပြီးရိုသေစွာ ဦးသုံးကြိမ် ချလိုက်ပါသည်။ ခွဲခွာခဲ့ရခြင်း တွေထဲက တခုပဲပေါ့။ မထူးဇာတ်ခင်းရပေတော့မည်။ ဆရာနှင့်ဒကာ ခြေဦးနှင့် ဒူးတည့်ရာ ထွက်လာခဲ့ရပြန်သည်။

ရုတ်တရက် “အလှူနားနီးမှ နားတဘက်ဖြတ်ရသည့်” အခြေအနေနှင့် ကြုံတွေ့လိုက်ရ၏။ အရှင်ရာဇသည် ခရီးဆောင်အိတ် ကို ပြင်ဆင်နေပါပြီ။ ရောက်မဆိုက်ပင် “ဒကာကြီး ကျုပ်ရန်ကုန်ကို ဒီနေ့ဆင်းရမယ်” ဟု ဆို သည်။ အရေးကြီးကိစ္စတခု ပေါ်လာခြင်းဖြစ်၏။ ရန်ကုန်သာသနာ့တက္ကသိုလ်မှ သူငယ်ချင်းတွေကိစ္စဖြစ်နေ၍ ခေါင်းညိတ်လိုက်ရသည်။ ဖြစ်နိုင်လျှင် ယခုရက်တွေမှာ အရှင်ဂမ္ဘီရနှင့်အတူ ရှိနေစေချင်၏။ အရှင်ရာဇ၏ အားမာန်တွေကို ဒကာက မြင်တွေ့ရပြီး ဖြစ်သည်။

နက်နဲသော အပြုံးကို ပိုင်ဆိုင်ထား၏။ ပုံသဏ္ဍာန်က သေးသေးသွယ်သွယ်။ လေသံက ပျော့ပျော့ပြောင်း ပြောင်း။ ကြီးမား လှသည့် သူ့အားမာန်တွေက မြင်နိုင်ရန် ခက်လှ၏။ လက်သီးဆုပ်ကို ခပ်ဆတ်ဆတ်ကလေး လှုပ်ရှားရင်း “အောင်ရမည် … အောင်ရမည်”ဟု ကြွေးကြော်တတ်၏။ အိနြေ္ဒသိက္ခာကောင်း၏။ ကြည်ညိုဖွယ် ရာအဆင်းနှင့် သိမ်မွေ့လှ၏။ ဒကာက ဦးသုံးကြိမ် ခညွှတ်လိုက်ပါသည်။ ဆရာတော် အရှင်ဂမ္ဘီရက ပတ္ထနိက္ကုဇ္ဖန ကံဆောင်ရန် အခြေအနေကို ရှင်းပြကာ သဘောထား တောင်းလိုက်သည်။ အရှင်ရာဇက (သာဓု … သာဓု … သာဓု) ဟု သုံးကြိမ် ခေါ်လိုက်လေသည်။

ဆရာနှင့်ဒကာ ဆက်လျှောက်လာကာ ၂၆ လမ်းထိပ်က လမ်းဘေးဖုန်းလေးနှင့် ဆက်သွယ်လိုက်သည်။ ယခင်သတ်မှတ် ထားသောနေရာက အခြေအနေမကောင်း၊ သတင်းပေါက်သွားခဲ့ပြီဖြစ်၍ အခြားတနေရာ ပြောင်းလိုက်ရ၏။ ဈေးချိုတော် ရှေ့မှ လိုင်းကားစီးလိုက်ကြပြန်ပါသည်။ ချိန်းထားသည့်မှတ်တိုင်တွင် ဆရာ ဒကာ ဆင်းလိုက်၏။ ကွက်တိပါ။ အရှင်ခေမိန္ဒ နှင့်အတူ ရန်ကုန်မှကြွလာသော ဆရာတော်အရှင်ဦးသြဘာသ နှင့် အရှင်ဦးတေဇ တို့ ၃ ပါးက ဆီးကြိုနေသည်ကို တွေ့ရ သည်။ ဆုံမိကြပြီးနောက် ဆရာတော်တွေက ရှေ့ကကြွပါသည်။ ဒကာက အခြေအနေတွေကို အကဲခတ်ရင်း ပေ ၃၀ အကွာ နောက်က စောင့်ကြည့်ရင်း လိုက်ပါခဲ့သည်။ OK ပါ၏။ အားလုံးတိုက်ကျောင်း အောက်ထပ်ကို ၀င်ရောက်ပြီးသည်နှင့် တပြိုင်နက် ကျောင်းထိုင်ဆရာတော်က တံခါးတွေပိတ်လိုက်တော့၏။

ပီတိတွေက ဘယ်ကရောက်လာမှန်းမသိ။ ဒကာ့ဘ၀တသက် မမေ့ရက်နိုင်သောနေ့ပါ။ အရှင်ဦးခေမိန္ဒ၊ အရှင်ဦးသြဘာသ၊ အရှင်ဦးတေဇနှင့် အရှင်ဂမ္ဘီရတို့ ၄ ပါးသည် ရာဇာ့ရာဇာနှင့် ရာဇာဓိရာဇာတွေချည်းပါ။ အားမာန်တွေကအပြည့်၊ နည်းပရိ ယာယ်တွေက အလျှံပယ်၊ ပညာရှိတွေလည်းဖြစ်၊ ဗဟုသုတတွေကလည်း ကြွယ်ဝသောကြောင့် ဆုံးဖြတ်ချက်တွေက ရှင်းလင်းပြတ်သားလှပေ၏။ လေ့လာသူအနေဖြင့် ကဗျာဝါသနာ ရှင် ဆရာတော်တပါးလည်းရှိနေသည်။

စာစီရန် ကွန်ပျူတာကတော့မရှိ။ တော်ပါသေး၏။ အရှင်ဦးသြဘာသမှာ လက်ကိုင်ဖုန်းတလုံး ပါလာသည်။ သို့မဟုတ်လျှင် မီဒီယာနှင့် ဗျူးရန် အခက်အခဲတွေ့ရပေဦးမည်။ တံဆိပ်တုံးတခုလိုနေတဲ့အတွက် ဒကာမြို့ထဲ တခေါက် ဆိုက္ကားနဲ့ ပြန်ယူပေး ရသေး၏။ ၁၉၉၀ ခုနှစ် ပတ္ထနိက္ကုဇ္ဖန ကံဆောင် သံဃာ့ သမဂ္ဂတံဆိပ်တုံး ဖြစ် ပါတယ်။ ဒကာပြန်ရောက်တော့ Statement တခု ရေးဆွဲပြီးပါပြီ။ မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ဖွဲ့စည်းလိုက်ကြောင်းနှင့် နအဖ စစ်အုပ်စုအား တောင်းဆိုချက် ၄ ခုပါဝင်ပြီး ၁၇၊ ၉၊ ၀၇ နေ့ထိ မလိုက်လျောပါက သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးဆောင်၍ဆန္ဒပြမည်ဖြစ်ကြောင်း ပါဝင်ပါတယ်။

ဆိုက္ကားတစ်စီးဝင်လာပြီး ဘရိတ်ဆွဲသံကျွိကနဲ တချက်ကြားလိုက်ရသည်။ တခါးဖွင့်ပြီး ပါလာသော ထမင်း ထုပ်တွေကို ဆီးယူလိုက်၏။ အင်ဖက်တွေနှင့် ထုပ်ပိုးထားခြင်းဖြစ်သည်။ ထိုင်နေသည်ဖျာပေါ်မှာပင် စုပုံချ လိုက်သည်။ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူလိုက်ပြန်ပါ၏။ တဦးတထုပ်ကျစီပါ။ ဖျာပေါ်မှာပဲ အထုပ်ဖြန့် ကာ ၀ိုင်းဖွဲ့ဘုန်းပေးသုံးဆောင်တော်မူကြ လေသည်။ အင်ဖက်နံ့ သင်းသင်းကြောင့် ပဲလား။ ရွှေလက်ရာကကောင်း ၍ပဲလား၊ ဆာလောင်နေ၍ပဲလားတော့မသိ။ အင်ဖက်ပဲကျန်မှ ရပ်လိုက်ကြ၏။ အရှင်ဂမ္ဘီရကား ကဗျာကယာ လက်သုတ်ပြီးနောက် မီဒီယာတွေ တပုံတခေါင်းနှင့် ဗျူးနေလေတော့သတည်း။

နောက်ပိုင်းဖြစ်စဉ်တွေကို အားလုံးက သိကြသည့်အတွက် ဒကာစာမဖွဲ့လိုတော့ပါ။ သို့သော် သတင်း စကား တော့ဆိုခြင် သေး၏။ ရက်စက်ယုတ်မာသည့် စစ်အုပ်စုမှာ အထွေထွေအကြပ်အတည်းပေါင်းများစွာနှင့် ယနေ့ ရင်ဆိုင်နေရပါပြီ။ ပြည်သူတရပ်လုံးကလည်း စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီး နေကြ ပါပြီ။ တော်လှန်ရေး ကား မဝေးလှတော့ပေ။ စစ်အာဏာရှင်စနစ်ကျဆုံးရေးသည်အဓိကဆိုသော ဘုံ သဘောတူညီမှုရှိနေသည့် အချိန်လည်း ဖြစ်သည်။ ဖြစ်ရပ်မှန်ကား ပြည်သူတွေက ကြောက်နေခြင်းမဟုတ်။

မည်သို့မျှ စားမ၀င် အိပ်မပျော်နိုင်အောင် ကြောက်ရွံ့ထိတ်လန့်နေသူများက နအဖ စစ်ဗိုလ်ချုပ်တစုသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ထားကြစေချင်ပါသည်။ သူတို့ပြုခဲ့သည့် ရက်စက် ယုတ်မာမှုများက သူတို့ထံ ပြန်လာလိမ့်မည်ဆိုသည်ကို စစ်ဗိုလ်ချုပ်တွေက သိနေကြပါပြီ။

ဤအချိန်တွင် အရေးကြီးသည်က ဆရာနှင့်ဒကာကဲ့သို့ ကြိုတင်ပြင်ဆင်၍ စည်းနှောင်အားပြည့်ဝသည့် အစုအဖွဲ့လေးများ လျှို့ဝှက်စွာ တည်ဆောက်ထားနိုင်မည်ဆိုပါလျှင် မကြာတော့သော ကာလ၀ယ် ကြီးမား ခိုင်မာသည့် People Power ဆိုသည်ကို ဧကန်မုချ ပေါ်ပေါက်လာရမှာ ဖြစ်ပါသည်။

ဤသို့ဆိုလျှင် လူတိုင်း လူတိုင်းက “ဒါ ငါတို့ကိုယ်တိုင် ပါဝင်တိုက်ယူလို့ရခဲ့တဲ့ လွတ်လပ်၍ တရားမျှတပြီး ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီး ဖြစ်တယ် လို့” ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာ ဖြစ်ပါကြောင်း အမျိုးကောင်းသား အမျိုးကောင်းသမီးအပေါင်းတို့။

လူအချင်းချင်းနှိပ်စက်ခြင်း ကင်းဝေးကြပါစေ … ။ ။

No comments: